ယနေ့ ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်လျက်ရှိရာ
international network (internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုဖြင့်
ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့
E- mail ဖြင့်သော်လည်းကောင်း၊ G talk, VZO chat, Yahoo messenger, Skype စသည်တို့ဖြင့်
ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက်သွယ်၍
ရနေပါပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန် ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း
ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။
တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (internet connection) ရက်ပိုင်းလောက်
ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ်
ပြတ်တောက်ခဲ့ရသည့်အတွက် Internet မရှိလျှင် သူ့အတွက် အဆင်ပြေမှု မရှိသည့်အပြင်
စီးပွားရေး အဆက်အသွယ် ပြတ်တောက်ကုန်တော့မှာ ဖြစ်သည့်အတွက်ကြောင့် internet မရှိလျှင်
သူ့တွင် အလွန်နစ်နာကြောင်း၊ ပြောဆိုခဲ့ဖူးပါသည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ယနေ့ခေတ်၌
လူသားများအတွက် Internet သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လိုအပ်သော
အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။
အကယ်၍ လူသားတို့အတွက် အင်တာနက်(Internet) သည် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင်
လွန်ခဲ့သော ထောင်စုနှစ် နှစ် ခုကျော်တုန်းကလည်း အင်တာနက်(Internet) ကို လိုအပ်လိမ့်မည်
ဟု တွေးတောစရာပင်ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်တုန်းက အင်တာနက် မပေါ်ပေါက်သေးချေ။ သို့သော်လည်း
အင်တာနက်ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော
အရာတစ်ခုကား အမှန်တကယ်ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေ
ဥာဏ်တော်ကြီးပင် ဖြစ်ပါသည်။ ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝန်း
လောက်မျှသာ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေဥာဏ်တော်သည် ဤကမ္ဘာမျှသာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း
ဆက်သွယ်နိုင်ပါသည်။
အင်တာနက်တွင် မိမိအသုံးပြုခဲ့သည့် ၀က်ဘ်ဆိုက်(website) များသို့ ခြေရာခံကာ မိမိ၏
information များကို ခိုးယူနိုင်ပါသော်လည်း မြတ်ဗုဒ္ဓသည် သူ၏ ကိုယ်ပိုင် အင်တာနက်ဟုဆိုအပ်သည့်
သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် အလိုတော်ရှိသလို ကွန်ရက် ဖြန့်ကျက်ကာ အသုံးပြုနေစဉ် မြတ်ဗုဒ္ဓ၏
Information များကို မည်သူမျှ ခြေရာခံ ခိုးယူနိုင်စွမ်း မရှိသည့်အပြင် လုံခြုံမှု
(security) အပြည့်ရှိနေပေသည်။
ယခုဖြစ်ဆဲကာလတွင်လည်း လူ့ပြည် သာမက နတ်ပြည် ဗြဟ္မပြည်တိုင်အောင် သိမြင်နိုင်သကဲ့သို့
ငရဲ၊ တိရစ္ဆာန် ၊ ပြိတ္တာ စသည့် အပါယ်ဘုံသားများ၏ ဘ၀ဖြစ်စဉ်များနှင့် ဖြစ်ရပ်မှန်များကိုလည်း
အလိုရှိလျှင် အလိုရှိသလောက် တိကျစွာ သိမြင်နိုင်စွမ်းရှိပါသေးသည်။ လွန်ခဲ့သော အတိတ်ကာလဆီက
မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ ဘ၀များစွာတို့၏ ဖြစ်ရပ်မှန်များကို အလိုရှိလျှင် အလိုရှိသလောက်
တီဗွီ ဖန်သားပြင်တွင် ကြည့်ရသကဲ့သို့ တိကျမှန်ကန်သော အဖြေများကို ပေးစွမ်းနိုင်ပါသည်။
ထိုအရာကား ‘ပုဗ္ဗေနိဝါသာနုဿတိဥာဏ်’ ဟု ဆိုရသည့် အစွမ်းထက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်
Internet ပင်တည်း။
ထိုမျှမက နောင်ဖြစ်လတ္တံ့သော အဖြစ်အပျက်များကိုလည်း လိုအပ်လျှင် လိုအပ်သကဲ့သို့
တိကျမှန်ကန်စွာ သိနိုင်ပါသည်။ ထိုအရာကား မြတ်ဗုဒ္ဓ၏ ‘အနာဂတံသဥာဏ်တော်’ ပင်ဖြစ်ပါသည်။
အင်တာနက်ကို အသုံးပြုခြင်းဖြင့် လူသားတို့၏ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊
လူမှုရေး၊ပညာရေးစသည့် လောကရေးရာများစွာကို တိုးတက်သာလွန်အောင် စွမ်းဆောင်နိုင်ကာ ဘ၀ပြဿနာ
တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ရုံသာ ဖြေရှင်းပေးနိုင်သည်၊ ရာနှုန်းပြည့်ကား မဖြေရှင်းပေးနိုင်ပေ။
မြတ်ဗုဒ္ဓသည်ကား သူ၏သဗ္ဗညုတရွှေဥာဏ်တော်ကို အသုံးပြုကာ လူသားများ၏ ဘ၀ကိုသာမက နတ် ဗြဟ္မာ
သတ္တ၀ါအားလုံးတို့ ၏ဘ၀တိုးတက်အောင်မြင်မှုကို ရာနှုန်းပြည့် ရရှိစေရန် လမ်းညွန်မှုပေးနိုင်ပါသည်။
ထို့ပြင် လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ တကယ့်ဘေး တကယ့်အရေးဖြစ်သည့် အိုဘေး၊နာဘေး၊သေဘေး စသည့်
ဘေးဆိုးကြီးများမှလည်း လွတ်မြောက်စေရန် သူ၏သဗ္ဗညုတဥာဏ်တော်ကို အသုံးချကာ လမ်းညွန်မှု
အပြည့်အ၀ပေးနိုင်ပေသည်။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓသည် လူနတ်ဗြဟ္မာသတ္တ၀ါ အားလုံး၏ အားကိုးရာ
ဆရာတစ်ဆူ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ဘီစီ(၄၆၉-၃၉၉)ခန့်တွင် ဆရာကြီး (ဆိုကရေးတီး) သည် သူ၏ အမြင့်ဆုံး အတွေးအခေါ်များအနက်
တစ်ခုဖြစ်သော ကမ္ဘာကြီးသည် စက်လုံးကဲ့သို့ လုံးဝန်းသော သဏ္ဍာန်ရှိသည် ဟူ၍ မိန့်ဆိုခဲ့ဖူးသည်။
ထိုစဉ်က ဤအတွေးမျိုးကို လက်ခံသူ မရှိပါ။ ရှေးရိုးစဉ် လာ အယူအဆကို ဖီဆန်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သေဒဏ်ကိုပင် စီရင်ခံခဲ့ရသည်။ သူ၏ ထိုစဉ်က မိန့်ဆိုချက်ကား ယနေ့အဖို့ မှန်လွန်းလှ၏ ။
ထို့ကြောင့် အဆင့်မြင့်ယနေ့စမ်းသပ်မှုများအရ (ဆိုကရေးတီး)ကို ချီးကျူး ဂုဏ်ယူ ဂါရ၀ပြုထိုက်ပါပေ၏
။ သို့သော် ဆရာကြီး (ဆိုကရေးတီး)ထက် နှစ်ပေါင်းကိုးဆယ်ခန့်စော၍ ဤကမ္ဘာကြီးသာမက စကြာဝဠာတစ်ခုလုံး
ဝိုင်းဝန်းသော သဏ္ဍာန်ရှိသည်ဟု ပြောခဲ့ဖူးသည့် မဟာလူသားကြီး ရှိခဲ့ပါသည်။ သူကား - သဗ္ဗညုတ
ရွှေဥာဏ်တော် ပိုင်ရှင်အစစ် မြတ်ဗုဒ္ဓဘုရားရှင် ဖြစ်ပါသည် ဟု Paul ၏ ဆောင်းပါးထဲ၌ ဖေါ်ပြထားပါသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်သည်ကား မည်သူတစ်ဦးတစ်ယောက်မျှ တုနှိုင်းမမီနိုင်သော
ဥာဏ်တော် ဟု ပြောလျှင် မှားအံ့မည်မထင်ပါ။
(၁၉၅၄)ခုနှစ်လောက်တွင် ပေါ်ပေါက်လာသော Spectrum Physics တွင် ရောင်စဉ်များကို
သရုပ်ခွဲကြည့်ရာ မျက်လုံးသည် အရောင်များကို မြင်ရာ၌ တစ်ခုပြီးတစ်ခု (တစ်ရောင်ပြီးမှတစ်ရောင်)မြင်ရသည်ဟူ၍
တွက်ချက်နည်းဖြင့်လည်းကောင်း၊ spectrometer ခေါ် ကရိယာကို အသုံးပြု၍ လက်တွေ့နည်းဖြင့်လည်းကောင်း၊
သက်သေပြခဲ့ကြသည်။ ရှင်းလင်းချက်မှာ မတူညီသော လှိုင်းအလျားတို့၏ ရွေ့လျား မှုသည် မြန်လွန်းသောကြောင့်
မတူညီသော အရောင်မျိုးစုံ (နီ ၊ ၀ါ ၊ပြာ၊ ခရမ်း) စသည်တို့ကို တစ်ပြိုင်နက် မြင်ရသည်ဟူ၍
ဖြစ်သည်။ အမှန်ကား မတူညီသော အရာများကို အစဉ်အတိုင်း မြင်ရသည်ဟု မြတ်စွာဘုရားက
စိတ်ဟူသည် (ဤနေရာ၌ မြင်သိစိတ်) တစ်ချိန်တည်းတွင် နှစ်ခု တပြိုင်နက် မဖြစ်ကောင်းဟူ၍
မြတ်ဗုဒ္ဓ၏ တုနှိုင်းမမီသော ဥာဏ်တော်ဖြင့် အဘိဓမ္မာဒေသာနာတော်၌ တိကျစွာ ဟောတော်မူခဲ့ပါသည်။
ဆိုအပ်ခဲ့ပြီးသည်တို့ကား လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ကာလက တကယ်ရှိခဲ့သည့် စွမ်းအားထက်မြက်သော
မြတ်ဗုဒ္ဓ ၏ ကိုယ်ပိုင်Internet ပင်ဖြစ်ပါတော့သည်။
ဤသို့ဖြင့် ယနေ့ ခေတ်မီပါသည်ဆိုသော အင်တာနက်သည် ခေတ်ဟောင်းဆီက မြတ်ဗုဒ္ဓ၏ကိုယ်ပိုင်
အင်တာနက်ထက် ဘာကြောင့်များ ဤမျှလောက်ကွာခြားပြီး အဆင့်နိမ့်နေရပါသနည်း။ ရှင်းပါဦးအံ့-
ယနေ့ခေတ်အင်တာနက်ပေါ်ပေါက်လာရန်အတွက် ပေးဆပ်ရသည့် အရင်းအနှီးကား လူသားတို့၏ ဦးနှောက်
ဥာဏ်ဖြင့် တီထွင်ပြီး၊ ငွေကြေးပမာဏနှင့် အချိန်ကာလအားဖြင့် အတိုင်းအတာတစ်ခုအထိ
အရင်းအနှီးလောက်သာ ရှိမည်ဖြစ်ပါ သည်။
မြတ်ဗုဒ္ဓကား သူ၏်ကိုယ်ပိုင် အင်တာနက်ရရှိရန်အတွက် အလောင်းတော်ဘ၀ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလတိုင်အောင် လူတကာတို့ ပြုနိုင်ခဲသော ပါရမီတော်(၁၀)ပါးကို ဖြည့်ကျင့်ခဲ့ရပါသည်။ ထိုသို့ဖြည့်ကျင့်ခဲ့ရာတွင်
သမုဒ္ဒရာရေ မည်မျှပင် များပြားစေကာမူ မြတ်ဗုဒ္ဓအလောင်းတော် လှူဒါန်းခဲ့သော အသွေးတော်၏
ပမာဏကိုကား မမီနိုင်ပါ။ မိုးကောင်းကင်က ကြယ်တာရာများ မည်မျှပင် မျာပြားစေကာမူ လှူဒါန်းခဲ့သော
မျက်လုံးတော်၏ အရေအတွက်ကိုကား မမီနိုင်ပါ။ မြင့်မိုရ်တောင်ကြီးသည် ယူဇနာ ရှစ်သောင်းလေးထောာင်
မြင့်မားစေကာမူ လှူဒါန်းခဲ့သော ဦးခေါင်းတော်များ စုပုံထားသည့် ထုထည်ကိုကား မမီနိုင်ပါ။
ကမ္ဘာမြေကြီးသည် မည်မျှပင် ထုထည်ကြီးမားစေကာမူ လှူဒါန်းခဲ့သော အသားတော်၏ ထုထည်ကိုကား
မမီနိုင်ပါချေ။ ယနေ့ခေတ် အင်တာနက်တွင် ၀က်ဘ်ဆိုက်ဒေတာ(website data)များ ဘီလျံပေါင်းများစွာမက
ရှိပါသော်လည်း ဆန်းကြယ်နက်နဲမှုအရာမှာမူကား မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် ၀ဲ့ဘ်ဆိုက်(website)တွင်
လွှတ်တင်ထားသည့် သုတ်၊ ၀ိနည်း ၊ အဘိဓမ္မာတည်းဟူသော ပိဋကတ်သုံးပုံကိုကား မမီနိုင်ပါချေ။
ဤကဲ့သို့ တုနှိုင်းမမီ ကွာခြားလွန်းမက ကွာခြားလွန်းလှသည့် အကြောင်းမှာ ပြဆိုခဲ့သည့်အတိုင်း
အသက်၊သွေး၊ချွေး များစွာဖြင့် ပေးဆပ်ရင်းနှီးခဲ့ရသော မြတ်ဗုဒ္ဓ၏ ပါရမီတော် အရင်းအနှီးကြီးမားမှု
ကြောင့်ပင် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ လောကလူအများ အသုံးပြုနေကြသော အင်တာနက်၏ စွမ်းဆောင်ရည်မှာ ဘ၀တွင်အဓိကမကျသည့်
ရုပ်ပိုင်းဆိုင်ရာ ထွန်းကားတိုးတက်မှုမျှသာ စွမ်းဆောင်နိုင်မှာဖြစ်ပြီး၊ မြတ်ဗုဒ္ဓသည်
သူ၏ဥာဏ်တော်အား အသုံးချကာ ဟောကြားတော်မူထားသော ဓမ္မများသည် လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးအတွက်
ဘ၀တွင် အဓိကကျသည့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အပြည့်အ၀ပေးစွမ်းနိုင်သောကြောင့်
မည်သည့်အရာဖြင့်ဖြစ်စေ တုနှိုင်းစေကာမူ တုနှိုင်း၍ မမီနိင်ပါချေ။
ဤကဲ့သို့ ရေးသားရခြင်းသည် ယနေ့ အိုင်တီခေတ်ကြီးတွင် အကြောင်းပြချက်မျိုးစုံတို့ဖြင့်
online ပေါ်တက်နေကြသော ခေတ်လူငယ်များကြားဝယ် သူတို့နားလည်နိင်သည့် စကားလုံးများဖြင့်
တန်ဆာဆင်ပြီး လူငယ်များ မြတ်ဗုဒ္ဓ၏ တရားတော်များကို စိတ်ဝင်စားကာ ဘ၀တန်ဖိုး တိုးတက်မှုများစွာ
ရရှိကြစေရန် ရည်ရွယ်၍ ယခုကဲ့သို့ internet & Perfect Enlightenment of
the Buddha မြတ်ဗုဒ္ဓဥာဏ်တော်နှင့်အင်တာနက် အကြောင်းကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
။
နိဂုံးချူပ်အားဖြင့် မြတ်ဗုဒ္ဓ၏ ပါရမီတော် အဟုန် ဂုဏ်တော်အစုံ သဗ္ဗညုတ ရွှေဥာဏ်တော် ဂုဏ်တို့ကို
အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာများ ကြိုးစားပွားများနိုင်ကြစေရန် ရည်ရွယ်လျက် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ၏ လင်္ကာလေးကို ဖေါ်ပြလိုက်ရပါတော့သတည်း။
သဗ္ဗညုတဥာဏ်တော်အစွမ်း
၁။ သိရန်မှန်က ၊ မကျန်ရအောင် ၊လုံးဝစုံလင် ၊အကုန်မြင် ၊သဗ္ဗဉ် ဥာဏ်တော်အစွမ်းတည်း။
၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံလင်၊
အကုန်မြင်၊ သဗ္ဗဉ် ဥာဏ်တော်အစွမ်း တည်း။
၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒစရိုက် ၊သူ့အကြိုက်ကို ၊ နှိုက်ချွတ်စုံလင်၊
အကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။
* ဥာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများဝေနေ ၊ ကျွတ်လွတ်စေဖို့
၊မနေမနား ၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင်အောင်၊
သယ်ယူဆောင် ၊ဘုန်းခေါင် ငါတို့ဘုရားတည်း။ ။
Dr အရှင်ကောဝိဒ
contrite
9 hours ago
0 comments:
Post a Comment